စိတ်ကြွဆေးအသုံးပြုပြီး လိင်ဆက်ဆံတဲ့အခါ
မူးယစ်ဆေးမဟုတ်တဲ့ မူးယစ်ဆေး သို့မဟုတ် စိတ်ကြွဆေးတွေကို အသုံးပြုပြီး လိင်ဆက်ဆံကြတာကို Chemsex လို့ ခေါ်ပါတယ်။ အရင်တုန်းကတော့ လိင်တူဆက်ဆံတဲ့အမျိုးသားတွေမှာ ဒီအပြုအမူကို ပိုအတွေ့များခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကျား၊ မ မရွေး လိင်တူဆက်ဆံသူတွေမှာရော၊ လိင်ကွဲဆက်ဆံသူတွေမှာပါ မကြာခဏ လုပ်လာတတ်ကြပါတယ်။
ဒီလိုမျိုး လိင်ဆက်ဆံတာက အန္တရာယ်ရှိလား?
ဒီမေးခွန်းကို ပြောင်းပြန်အနေနဲ့ အန္တရာယ်လုံးဝမရှိတာတော့ မဟုတ်ဘူးလို့ ဖြေချင်ပါတယ်။ ဒီလိုမျိုး စိတ်ကြွဆေးအသုံးပြုတဲ့အတွက် ရလာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်သလို၊ ခံစားရတဲ့ ဝေဒနာအတိုင်းအတာချင်းလည်း တူညီနိုင်မှာမဟုတ်ပါဘူး။ ဒီအတွက် စိတ်ကြွဆေးသုံးပြီး လိင်ဆက်ဆံတာဟာ ကိုယ့်ရဲ့ရွေးချယ်မှုဆိုပေမယ့် အန္တရာယ်မရှိတဲ့ လုပ်ရပ်တစ်ခုဆိုတာကတော့ လုံးဝမှားယွင်းပါတယ်။
ဘာကြောင့် ဒီလိုအန္တရာယ်များတာလဲဆိုရင်
- ရုပ်ခန္ဓာ ကျန်းမာရေးထိခိုက်လာမယ်။
- ကိုယ်ခံအားကျပြီး ရောဂါတွေ ဖြစ်လာမယ်။
- ရှိပြီးသားရောဂါတွေ ပိုဆိုးလာမယ်။
- ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမယ်။
- နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်စေတယ်။
- စိတ်ကျန်းမာရေးပြဿနာတွေ ပိုဖြစ်လာစေနိုင်တယ်။
- အသိစိတ်လွတ်ပြီး မကြာခဏ သတိမေ့လာမယ်။
- အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုတွေကို ပိုကျူးလွန်လာပြီး ရောဂါတွေ ကူးလာနိုင်တယ်။
- ရုပ်ရင့်လာပြီး လူကိုအိုမင်း၊ အားအင်ချိနဲ့စေတယ်။
ဘယ်လိုဆေးတွေ ပါဝင်လဲ။
အသုံးများတဲ့ ဆေးတွေအနေနဲ့
- Mephedrone/ Meow Meow
- Methamphetamine/ Crystal Meht/ Ice
- GHB/ GBL တွေ ပါဝင်ပြီး
အသုံးနည်းတဲ့ ဆေးတွေအနေနဲ့
- Ketamine/ K
- Cocaine
- Poppers တွေလည်း ပါဝင်နိုင်ပါတယ်။
ဒီဆေးတွေကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့တွေကို ရှူရှိုက်တာ၊ အရည်ဖျော်ပြီး ကိုယ်ခန္ဓာထဲ ဆေးထိုးအပ်နဲ့ ထိုးသွင်းတာ စတဲ့နည်းလမ်းတွေနဲ့ သုံးစွဲပြီး တက်လာတဲ့အခါ (High) ပြင်းထန်တဲ့ စိတ်ခံစားချက်၊ ယစ်မူးမှုတွေနဲ့ လိင်ဆက်ဆံကြပါတယ်။ ဒီလိုမျိုး လိင်စိတ်ကြွဆေးသုံးပြီး လိင်ဆက်ဆံကြသူတွေဟာ
- စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ လိင်ဆက်ဆံချင်တာ
- လိင်မှုကိစ္စကလွဲပြီး တခြားဘာအကြောင်းအရာကိုမှ မတွေးချင်တာ
- လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဝေဒနာကို လျော့နည်းစေပြီး ကိုယ့်ရဲ့ ခံစားသိရှိနိုင်စွမ်း ပိုကောင်းစေချင်တာ
- အုပ်စုဖွဲ့လိင်ဆက်ဆံချင်တာ
- အချိန်ကြာမြင့်စွာ လိင်ဆက်ဆံချင်တာ စတဲ့အကြောင်းရင်းတွေကြောင့် အသုံးပြုကြတာပဲဖြစ်ပါတယ်။
သိထားဖို့ လိုအပ်တာတွေအနေနဲ့
၁။ လိင်စိတ်ကြွဆေးတွေဟာ လူတွေရဲ့ စိတ်ကို ယစ်မူးစေတဲ့အတွက် ဆေးကိုစသုံးလိုက်တာနဲ့ ဖြတ်ဖို့ပိုခက်သွားသလို၊ များပြားတဲ့ ပမာဏကို မကြာခဏသုံးချင်စိတ် ပိုပြီးဖြစ်စေနိုင်ပါတယ်။
၂။ ဒီလိုလိင်ဆက်ဆံကြသူတွေဟာ အန္တရာယ်များတဲ့ လိင်ဆက်ဆံနည်းလမ်းတွေကို ကျူးလွန်တတ်ကြတာ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့်လည်း လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရလာဖို့ အခွင့်အလမ်းပိုများပါတယ်။
၃။ ဘယ်လောက်ပဲ မူးယစ်ဆေးမဟုတ်ဘူးဆိုရင်တောင် စိတ်ကြွဆေးနဲ့ Chemical များစွာ ပါဝင်လို့ ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်ကိုတော့ အမြဲသိထားဖို့ လိုအပ်ပါတယ်။
၄။ လိင်စိတ်ကြွဆေးကို နှစ်ရှည်လများ အသုံးပြုတဲ့အခါ ရုပ်ခန္ဓာ၊ စိတ်ကျန်းမာရေးအားလုံးအပေါ် သက်ရောက်မှု ရှိစေနိုင်ပါတယ်။
၅။ ဆေးအလွန်အကျွံ သုံးတဲ့အခါ Overdose ဖြစ်ပြီး အသက်သေဆုံးနိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။